Latest Movie :

Kiki's Delivery Service (1989) မြန်မာစာတန်းထိုး





ကြာတော့ကြာခဲ့ပါပြီ။ 1989 က ထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ကိုတောင် မမွေးခဲ့သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီအသက်အရွယ်မှာ ပြန်ကြည့်လိုက်ရတော့ ကျွန်တော် ပြန်လိုချင်မိတဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝကို ပြန်လည် တောင်းတမိတယ်။ Studio Ghibli ကထုတ်တဲ့ ရုပ်ရှင်ကားတိုင်းဟာ Rotten Tomatoes မှာ ပျမ်းမျှအားဖြင့် အမြဲ 90% ကျော်ပေမဲ့ ထူးထူးခြားခြား ဒီကားလေးနဲ့ ဒီနှစ် Oscar ပေးပွဲမှာ လျာထားခံခဲ့ရတဲ့ The Tale of Princess Kaguya ဆိုတဲ့ 2 ကားပဲ Rotten Tomatoes မှာ 100% အပြည့်ရရှိခဲ့ဖူးပါတယ်။ ထို့ကြောင့်လည်း ကြည့်ဖူးခဲ့တဲ့ သူတွေလည်း ငယ်ဘဝကို ပြန်လည် အမှတ်ရအောင် .. မကြည့်ရသေးတဲ့သူတွေလည်း ကားကောင်းတစ်ကား လက်လွတ်တယ်လို့ မရှိရလေအောင် ကျွန်တော် ဒီ Post ကိုတင်လိုက်ရပါတယ်။
Kiki ဆိုတာ မှော်အတတ်ကို ပိုင်ဆိုင်တဲ့ 13 နှစ်သမီး စုန်းမလေးပေါ့။ စုန်းတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အသက်ပြည့်လို့ အိမ်ကထွက်ပြီး မှော်အတတ်တွေကို အပြည့်အဝ ကိုယ်တိုင်သင်ယူရန် အချိန်ကျရောက်လာတော့ လပြည့်ညမှာ သူမရဲ့ အဖော် Jiji ဆိုတဲ့ကြောင်မဲလေးနှင့်အတူ သူမအမေပြုလုပ်ပေးလိုက်တဲ့ တံမြက်စည်းပျံလေးကို စီးပြီး မိသားစုကို နှုတ်ဆက်ခဲ့ပြီး အိမ်က ထွက်လာခဲ့တာပေါ့။
Koriko လို့ အမည်ရတဲ့ ကမ်းစပ်မြို့ လေးတစ်မြို့ ကိုတွေ့ တော့ ထိုမြို့လေးမှာ အချေခြမယ်လို့ Kiki တစ်ယောက် ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ရောက်ရောက်ချင်းတော့ နေစရာအိမ်မရှိတဲ့ အတွက် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သဘောထားကောင်းတဲ့ Osono ဆိုတဲ့ မုန့် ဖုတ်သမတစ်ယောက် အိမ်မှာ နေခွင့်ရရှိခဲ့ပြီး သူမရဲ့ မိုးပျံတတ်တဲ့ အစွမ်းနှင့်အတူ ပစ္စည်းပို့ ဆောင်ရေး ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ သူမ ထိုအလုပ်ကို လုပ်ကိုင်ခဲ့စဉ် သူမနှင့်အသက်တူ ကောင်လေးတစ်ယောက်နှင့် ခင်မင်ခဲ့သလို လွတ်လပ်စွာ ပြောဆိုနေထိုင် တွေးတော တတ်တဲ့ ပန်းချီဆရာမလေးတစ်ယောက်၊ မြေးတွေ သားသမီးတွေရဲ့ အချစ်ကို ငတ်နေရတဲ့ လူကုံထံ အမယ်အို တစ်ယောက်တို့ နှင့် လည်း ခင်မင်ခဲ့ရတာပေါ့။
ဒါပေမဲ့ လူ့ ဘဝဆိုတာ သိတဲ့အတိုင်း အမြဲ ကောင်းမွန်နေတာမှ မဟုတ်တာ။ Kiki ပိုင်ဆိုင်တဲ့ မှော်စွမ်းအင်တွေ ပျောက်ဆုံးကုန်တဲ့ သူမ ရဲ့ ဘဝကို အစမ်းအသပ်ပြုလုပ်တဲ့ ကံကြမ္မာတစ်ခုကို Kiki ကြံဆုံရတဲ့အခါ...
Director Hayao Miyazaki ဆိုတာ Studio Ghibli ရဲ့ အမာခံပရိသတ်တိုင်းနဲ့ မစိမ်းတဲ့ Director ကြီးတစ်ယောက်ပါ။ ဒီနှစ်ရဲ့ Oscars ပေးပွဲမှာတောင် Honorary Academy Award ကိုတောင် ချီးမြှင့်ခြင်းခံခဲ့ရတဲ့ သူတစ်ယောက်ပေါ့။ ဒီလောက်ဆို သူ့ ရဲ့ ပညာနဲ့ အောင်မြင်မှုကို ခန့် မှန်းနိုင်ပြီလို့ ယူဆရပါတယ်။ ဒီရုပ်ရှင်လေးကိုလည်း သူပဲရိုက်ကူးခဲ့တာပါ။ Studio Ghibli ဟာ သစ်ပင်တစ်ပင်ဆိုရင် သူဟာ ထိုသစ်ပင်ရဲ့ ဇာတ်မြစ်ပါပဲ။
ဒီကားမှာ တွေ့ မြင်ခဲ့ရတာကတော့ လူငယ်တွေရဲ့ Adulthood မကူးပြောင်းခင် စပ်ကြား ခံစားချက်တွေ ပြုမူဆောင်ရွက်တာတွေကို အဓိက တွေ့ မြင်ခဲ့ရပါတယ်။ လူငယ်လေးတွေ လူပျိုဖော် အပျိုဖော် ဝင်ကာစ အရွယ်မှာ ဖြစ်တတ်တဲ့ သဘောတရားလေးတွေပါ။ ဥပမာ မိမိရပ်တည်ဖို့ အတွက် အလုပ်ရှာရပုံတွေ၊ မိမိကို ပတ်ဝန်းကျင်က လက်ခံ လက်မခံမှုတွေ၊ လူကြီးစဖြစ်လာပြီဆိုတဲ့အတိုင်း မိမိကိုယ်ကို စတင်ယုံကြည်မှူတွေ အရင်ကလို မိဘတွေကို အားမကိုးရတော့ပဲ မိမိကိုယ်ကို စတင်ဂရုစိုက်လာရမှူတွေကို ဖော်ကြူးထားပါတယ်။ လူငယ်တွေမှာ ဖြစ်တတ်တဲ့ သဘာဝအတိုင်း လောကဓံနဲ့ စတင်ကြုံတွေ့ လာရတဲ့အခါ စိတ်အားငယ်မှုတွေကိုပါ ကျွန်တော်တို့ တွေ့ ခဲ့ရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘဝရဲ့ စတင်စမ်းသပ်မှုတွေကို တွေ့ ကြုံလာရတဲ့အခါ ခံနိုင်ရည်ရှိမှု မရှိမှုတွေပေါ့။
ဒီကားဟာ Rotten Tomatoes မှာ 100% အပြည့်ရခဲ့တာ မထူးဆန်းပါ။ တင်ပြပုံ အဖက်ဖက်က ပြည့်စုံတဲ့အပြင် ဇာတ်လမ်းအသွားအလာ ဇာတ်ကောင်ရဲ့ နှစ်လိုဖွယ် ကောင်းမှု ပြချင်ခဲ့တဲ့ ဇာတ်လမ်းရဲ့ အဓိက Message တို့ဟာ အလွန်တရာ ကောင်းမွန်လှတဲ့အပြင် အထူးခြားဆုံးကတော့ ကားတွန်းကားဆိုတဲ့အတိုင်း ဒီကားကို ရေးဆွဲထားတဲ့ ပန်းချီတွေဟာ အလွန်ကို လှပသေသပ်ပြေပြစ် လွန်းပါတယ်။
ကစားကွင်းတွေ မြက်ခင်းပြင်တွေကို မြင်တဲ့အခါ ကိုယ်ငယ်ငယ်က ကစားခဲ့တဲ့ ကစားကွင်းတွေကို ပြန်လည် မြင်ယောင်လာပြီး စက်ဘီးနင်းတဲ့အခန်းတွေကို ကြည့်ရတဲ့အခါ ကိုယ်ငယ်ငယ်က စက်ဘီးစီးသင်ပြီး မတတ်မြောက်ခဲ့တဲ့ စက်ဘီးလေးကိုတောင် ပြန်လည် တမ်းတမိပါတယ်။ Kiki တံမြက်စီးလေး စီးပြီး မိုးပေါ်ပျံတော့ ကျွန်တော်လည်း သူ့လို ပျံလို့ရမယ်ဆိုရင် ယခုအသက်အရွယ်နဲ့ လည်း ထတောင် တံမြက်စီး စီးပြီး ပျံလိုက်ချင်သေး။
စကားမစပ် ဒီကားက ကျွန်တော်တို့ လူငယ်ဘဝကနေ လူပျိုမဖြစ်ခင် စပ်ကြားက အချန်ကလေးတွေကို ပြန်လည်တမ်းတ မက်မောစေမိခဲ့သလို ကျွန်တော်တို့ စာဖတ်သူတို့ ရဲ့ ငယ်စဉ်ကလေးဘဝလေးတွေကို ပြန်လည် သတိရချင်တယ်ဆိုရင်တော့ ဒီကားရဲ့ ရှေ့ တစ်နှစ်က ထွက်ရှိခဲ့တဲ့ My Neighbor Totoro (1988) ကို ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ Japanese Culture တွင်သာမက ယနေ့ အချိန်ထိ တစ်ကမ္ဘာလုံးရဲ့ Phenomenon တစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ ရုပ်ရှင်တစ်ကားပါ။
မိုးပေါ်မှာ ပျံချင်ပါသလား? Kiki ကို ကြည့်လိုက်ပါ။ သြော်.. ငယ်ငယ်တုန်းက နာမည်ကြီးခဲ့တဲ့ မိုးပျံကိကိ ဆိုတာ သူမပေါ့....
IMDb Rating - 7.9/10
Rotten Tomatoes Rating - 100%
Creidt to- Movie-We Watch We feel

Translated by : Koharu Yuki
Encoded by : Invoker
Quality : 720P

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger